လွိုင်ကော် အောက်တိုဘာ ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)လောဓမ္မ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (လောဓမ္မ) ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် “စာပေထဲကအလိမ္မာ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဆုများပေးအပ်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်များပြပွဲ၊ နံရံကပ်စာစောင်များပြပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်ကြသည့် အရုပ်ဆက်ခြင်းနှင့် စကားပုံဆက်ခြင်း၊ ဂိမ်းများကစားခြင်း စသည့်ကစားနည်းများတွင် ကျောင်းသား/ ကျောင်းသူများက ပျော်ပျော်ပါးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(ပြန်/ဆက်)