ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်ပင်မဓာတ်အားခွဲရုံ ပြန်လည်လည်ပတ်နိုင်ရေးပြုပြင်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် နိုဝင်ဘာ  ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်ပင်မဓာတ်အားပေးခွဲရုံရှိ Control Room ၌ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်နှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ရေးဌာန၊ အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏတို့က ဓာတ်အားခွဲစက်ရုံ၏ ပျက်စီးခဲ့သည့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများပြုပြင်ပြီး ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် ပြုပြင်ပြီးပါက လွိုင်ကော်မြို့နှင့်အခြားဒေသများသို့ မဟာဓာတ်အားလိုင်းပို့လွှတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက် ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် Switchyard အတွင်း အကြမ်းဖက်သမားများနှင့် မသမာသူများ၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် ထိခိုက်ပျက်စီး၊ ပျောက်ဆုံးခဲ့သည့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်မည့် အစိတ်အပိုင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများသို့ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် လွိုင်ကော်-လောပိတလမ်းအား ကတ္တရာမှ ကတ္တရာ ကွန်ကရစ်(AC)သို့ ၃.၅ ကီလိုမီတာ အဆင့်မြှင့် တင်ခြင်းအား အပိုင်းအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လူ၊ စက်ယန္တရားများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းသုံးပစ္စည်း စုပုံထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူအသီးသီးက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး၊ လမ်းပုခုံးများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်စေရေး၊ သတ်မှတ်ကာလပြီးစီးရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဓမ္မာရုံ၊ သီရိမင်္ဂလာတောင်တော် တောင်ကွဲစေတီ ဓမ္မာရုံ၊  ဥတ္တရာရုံပရိယတ္တိ စာသင်တိုက် ဓမ္မာရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၂)ခန်းတွဲ(၂)ထပ် အရာရှိအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ရောက်ရှိပြီးလုပ်ငန်းများ သတ်မှတ်ကာလပြီးစီးရေး၊ အရည်အသွေးပြည့်မီရေး၊ သက်ဆိုင်ရာစစ်ဆေးရေးကော်မတီများက လည်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး စစ်ဆေးကြပ်မတ်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်သည့် ဓာတ်အားလိုင်းသည် ယခုပြုပြင်နေသည့် လွိုင်ကော်မြို့ (၄)မိုင် 132 KV လွိုင်ကော်ပင်မဓာတ်အားပေးခွဲရုံ၊ ၎င်းမှ 132 KV တီကျစ်ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ချိတ်ဆက်၍ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် ပြုပြင်ပြီး ပြန်လည် လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခုထက် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)