မိုင်းလုံ နိုဝင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၄:၃၀) အချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်ရာတွင် ပြည်သူများရောဂါပိုးကူးဆက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ပြည်ပပြန်များ၊ ရောဂါဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ ပြန်လာသူများ ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန်၊ အခြားမြို့များသို့ခရီးသွားရာတွင် ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာများ ရယူရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မြန်မာနှင့်ရှမ်း ဘာသာစကား နှစ်မျိုးဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)