မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ကော့သောင်းမြို့ သောက်သုံးရေပေးဝေရေး GOOD WATER စီမံကိန်းလုပ်ငန်းခွင်အား ကွင်းဆင်းစစ်ဆေး

ကော့သောင်း ၊ နိုဝင်ဘာ ၂၅


မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု ၁၄ မိုင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Good Water ကုမ္ပဏီ၏ မြို့သောက်သုံး ရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
အဆိုပါရေပေးဝေရေးစီမံကိန်းကို GOOD WATER ကုမ္ပဏီမှ ကော့သောင်းမြို့နယ်အတွင်း သောက်သုံးရေ အလုံအလောက်ပေးဝေနိုင်ရေး ကော့သောင်းမြို့မှ ၁၄မိုင်ခန့်ဝေးသည့် ဘန်းကချွန်ကျေးရွာအုပ်စု ၁၄မိုင်ကျေးရွာ(ဒေသအခေါ်အဝေါ် ကျောက်ညှပ်)  သစ်တောကြိုးဝိုင်းအတွင်းရှိ မြေဧက နှစ်ရာနီးပါးအား ၂၀၁၃ ခုနှစ်ကတည်းက မြေရာ အသုံးပြုခွင့်လျှောက်ထားကာ ၂၀၁၆ခုနှစ်က  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမူ ကော်မရှင် MICခွင့်ပြုချက်ဖြင့် ရေအရင်းမြစ်ပေးဝေရေး ထိုင်းနိုင်ငံပညာရှင်များဖြင့် ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ရာ စီမံကိန်းလုပ်ငန်းများအဖြစ် မြေသားတမံတည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး သုတေသနလုပ်ငန်းများ ရေအရင်းမြစ်ရှာဖွေသွယ်တန်းခြင်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။  
စီမံကိန်းလုပ်ငန်းခွင်အတွင်း  ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးနှင့် အင်ဂျင်နီယာအဖွဲ့များက ကွင်းဆင်း စစ်ဆေးရာတွင် ရေအရင်းအမြစ်ရရှိရာနေရာများ၊ စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းပြီးစီးမှုအခြေအနေများ နှင့် ရေပေးဝေရေးအမြန်ဆုံး အကောင်ထည်ဖေါ်နိုင်ရေးလတ်တလော ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား စီမံကိန်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါစီမံကိန်း ၏ပင်မရေလှောင်တမံအတွင်း ရေဂါလံ ၃၅သန်းအထိ သိုလှောင်နိုင်ပြီး ရေအရင်းအမြစ်PH level 7.2 အဆင့်ရှိ WHO မှထောက်ခံချက်ပေးထားပြီးလူသားများအား အကျိုးပြုသည့်ဓာတ်သတ္တုများပါဝင်သည့် ၁၄မိုင်ချောင်းရေအား သိုလှောင်ကာ ၁၂မိုင်ကျေးရွာရှိ ရေသန့်စက်ရုံသို့ သွယ်တန်းပို့ဆောင်ပြီး သောက်သုံးရေသန့် အဆင့်ထုတ်လုပ်၍ မြေအောက်တွင် နှစ်ပေါင်း ၃၀အထိ တာရှည်ခံနိုင်သည့် Buctile iron ခေါ်သံချေးမတက်သည့် နိုင်ငံတကာစံချိန်မှီ သံပိုက်အမျိုးအစား 400mmlb ကို အသုံးပြု၍ ၂၀၂၁ ခုနှစ်အတွင်း ကော့သောင်းမြိုတွင်းသို့ သွယ်တန်းဖြန့်ဝေနိုင်ရေး စီမံထားရှိခြင်းကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လုပ်ငန်းများကြန့်ကြာမှု တစ်ချို့ဖြစ်ပေါ် နေသော်လည်း ရေပေးဝေရေးအမြန်ဆုံးအကောင်ထည်ဖေါ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်းသိရသည်။
 ကျော်စိုး (ကော့သောင်း)