မိတ္ထီလာမြို့နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှုနည်းပါး၍ နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိသော နေရာများတွင် ကုလားပဲသီးနှံများကို အဓိက စိုက်ပျိုးလာ

မိတ္ထီလာ၊ နိုဝင်ဘာလ ၂၅


မိတ္ထီလာမြို့နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှု နည်းပါး၍ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသော နေရာများတွင် ကုလားပဲသီးနှံများကို အဓိက စိုက်ပျိုးလာကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျေးရွာတွင် မိုးနှောင်းသီးနှံအဖြစ် ကုလားပဲသီးနှံကို ဆည်ရေသောက်မရရှိသော နေရာများတွင် မိုးကောင်းသောက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး ဆည်ရေသောက်ရရှိသော နေရာများတွင် နွေစပါးကို အဓိက စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ ဆည်ရေသောက်ရရှိသော နေရာများတွင် နွေစပါး စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှု နည်းပါး၍ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသော နေရာများတွင် ကုလားပဲသီးနှံကို စိုက်ပျိုးလာကြသည်။ ယင်းသို့ စိုက်ပျိုးရာတွင် ကုလားပဲသီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပက်ကျဲစနစ်ဖြင့် လည်းကောင်း၊ အတန်းလိုက် စနစ်ဖြင့် လည်းကောင်း အသီးသီးစိုက်ပျိုးကြရာ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် ကုလားပဲမျိုး တစ်တင်းခွဲ ကုန်ကျပြီး အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် တစ်တင်းသာ ကုန်ကျကြောင်း သိရသည်။ ဆက်လက်၍ ဒေသခံတောင်သူများ အနေဖြင့် ကုလားပဲသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းမွန်သော ရေဆင်း-၈၊ ရေဆင်း-၉  မျိုးများကို   စိုက်ပျိုးရာ  ကုလားပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀ မှ ၄၀၀၀၀အထိ ဝယ်ယူရကြောင်း ကုလားပဲသီးနှံစိုက်ပျိုးသည့် ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှု နည်းပါး၍ နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိသော နေရာများတွင် ကုလားပဲသီးနှံများ စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက်ကွင်းဆင်း၍ ဒေသခံ တောင်သူများနှင့် ပူးပေါင်း၍ အထွက်နှုန်းကောင်းမွန်သော မျိုးများရရှိစေရေး၊ ကုလားပဲသီးနှံစိုက်ခင်းများတွင်  ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်စေရေး၊ အပင်များ ကြီးထွားစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရန် တို့အတွက် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။ မိတ္ထီလာမြို့နယ်တွင် ယခင်နှစ်က ကုလားပဲသီးနှံကို စိုက်ဧက ၂၅၀၀ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)