နမ့်စန်(တ) နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီးကော်မတီ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ ၊ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ဆရာဝန်ကြီးဒေါက်တာအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ရေး နှင့် ကျန်းမာရေးလမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရေးတို့အတွက် သတိပေးနှိုးဆော်မှုနှင့် အရေးယူမှုများ ပူးပေါင်းဆောင်ရွက်ရန်၊ ပျံကျဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရောင်းဝယ်စေရန်နှင့် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ရန်၊ မြို့နယ်သို့ ပြည်တွင်းပြည်ပမှပြန်လာသူများအား မြို့မအထကတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်အရ နမ့်စန်အထက တွင် Facility Quarantine အဆောက်အဦ တိုးချဲ့ဖွင့်လှစ်ရန်ကိစ္စ၊ ကော်မတီ၏ အလှူငွေများလက်ခံရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန် အခြေအနေတို့နှင့် အခြားကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြ သည်။
အဆိုပါအစည်းအဝေးအပြီး ညနေ (၃:၃၀)အချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက Facility Quarantine အဆောက်အဦ ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)ကျောင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)