မြင်းခြံ နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများ နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ပြုလုပ်ခဲ့သည်။
ပြည်သူများ နှာခေါင်းစည်းများ မဖြစ်မနေ ဝတ်ဆင်ရေးလှုပ်ရှားမှု(Mask Campaign) ဆောင်ရွက်ရာတွင် နှာခေါင်းစည်း အခု၂၀၀၀၀ အား မြင်းခြံမြို့ဈေး(၃)ဈေးဖြစ်သည့် စည်ပင်သာယာဈေး၊ အေးမြသီတာဈေး၊ စံပြဈေးတို့တွင် ဈေးရောင်း/ဈေးဝယ်များအား မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်ဝန်ထမ်းများ၊ မြင်းခြံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းများ ဖြစ်ကြသော နာရေးကူညီမှုအသင်း၊ အဖြူရောင်လက်များ ပရဟိတအသင်း၊ ဧရာဝတီသွေးလှူရှင်အသင်း၊ Forever Friends လူငယ်ပရဟိတ အဖွဲ့၊ ပန်းပျိုးလက်ပရဟိတအသင်း၊ We Are Family ပရဟိတအသင်းများက အဖွဲ့ သုံးဖွဲ့ခွဲကာ နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မြင်းခြံမြို့တွင်း လူစည်းကာရာနေရာများတွင်လည်း ပရဟိတအသင်းများ စုပေါင်း၍ လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)