စာကြည့်တိုက်အသုံးပြုသူများအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး တွေ့ဆုံဆွေးနွေး

မိတ္ထီလာ မတ် ၂ဝ

မိတ္ထီလာခရိုင်အတွင်းရှိ စာကြည့်တိုက်များသို့ လာရောက်အသုံးပြုသူများအား COVID-19 ရောဂါ အသိပညာပေးရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်သာယာ ရပ်ကွက် ရတနာဦးကျောင်းတိုက်ရှိ လောကရတနာစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။

“မိတ္ထီလာခရိုင် စာကြည့်တိုက်များ ကွန်ရက် အဖွဲ့ဝင်များအနေနဲ့ ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ စာကြည့်တိုက်တွေကို လာရောက်အသုံးပြုတဲ့ စာပေလေ့လာဖတ်ရှုသူတွေကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးတာပါ။  အခုလို လူစု တွေ့ဆုံတာမျိုး မလုပ်ချင်ပေမယ့် စာကြည့်တိုက်ကိုလာရောက်အသုံးပြုသူတွေကို COVID-19 အသိပညာပေး နှိုးဆော်တာမျိုးကို မဖြစ်မနေဆောင်ရွက်ကြဖို့လိုအပ်တာကြောင့်လည်း  တွေ့ဆုံ ဆွေးနွေးကြတာပါ။ စာကြည့်တိုက်တွေကို လာရောက်လေ့လာသူတွေအနေနဲ့ စာကြည့်တိုက် မဝင်မီမှာ လက်ဆေးဆပ်ပြာနဲ့ လက်ဆေးပြီးမှ ဝင်ရောက်အသုံးပြုဖို့နဲ့ စာကြည့်တိုက်က ပြန်ပြီ ဆိုရင်လည်း လက်ဆေးဆပ်ပြာနဲ့ လက်ဆေးဖို့ အဲဒီလို အသိပညာတွေနဲ့ လက်ရှိ COVID-19 အကြောင်း အသိပညာပေးဆောင်ရွက်သွားမှာတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု လောက ရတနာစာကြည့်တိုက် တာဝန်ခံ ကိုသီဟသင်းလှိုင်က ပြောသည်။

အဆိုပါ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးရေးတွေ့ဆုံပွဲတွင် ရတနာဦး ကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓက သြဝါဒစကားပြောကြားပြီး မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်ညွန့်ညွန့်ဌေးက COVID-19 ရောဂါကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို ဟောပြော ခဲ့သည်။

ဆက်လက်၍ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များမှ   ခရိုင် စာကြည့်တိုက်များ ကွန်ရက်အဖွဲ့ဝင်များက COVID-19 အကြောင်း အသိပညာပေး ဆောင်ရွက် ရေးကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ချမ်းသာ