လွိုင်ကော် နိုဝင်ဘာ ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ ရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်စိုက်ပျိုးမည့်တောင်သူများနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများတွင် အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရန်၊ ဆောင်းသီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် တောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးဦးစီးဌာနအနေဖြင့်လည်း တောင်သူများလိုအပ်သည့် နည်းပညာမျှဝေဆောင်ရွက်ပေးခြင်း၊ လက်တွေ့ပြသဆောင်ရွက်ပေးခြင်း၊ တောင်သူများ ကိုယ်တိုင်လက်တွေ့လိုက်နာကျင့်သုံးကြစေရန် ကူညီပံ့ပိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က သီးထပ်စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေကြီးနစ်မြုပ်၍ မိုးသီးနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ပျက်စီးခဲ့သည့် တောင်သူအစုအဖွဲ့များသို့ နေကြာမျိုးစေ့အခမဲ့ထောက်ပံ့ခြင်းနှင့် သက်သာသောနှုန်းဖြင့် ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူများကိုယ်စား လောပိတကျေးရွာအုပ်စု၊ လောကထုကျေးရွာမှ တောင်သူ ဦးစိုင်းနေသူလွင်က ယခုကဲ့သို့ ရင်းနှီးမြုပ်နှံမှုအတွက် လိုအပ်နေချိန်တွင် မျိုးစေ့များအခမဲ့ဖြန့်ဝေပေးခြင်း၊ ဓာတ်မြေဩဇာများကို လိုအပ်သည့်အချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အချိန်ကိုက်ထောက်ပံ့ပေးခြင်းအတွက် စသည်ဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခုအခမ်းအနားတွင် လွိုင်ကော်မြို့၊ မထောခူ၊ မှုံပြာ၊ ဒေါပေါ်ကလဲ၊ လောပိတ၊ နိုးကိုး၊ နွားလဝိုး၊ မြို့မ၊ လောဓလေးကျေးရွာအုပ်စုများရှိ တောင်သူများနှင့် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူ၊ အိုကေ၊ ဆင်တောင်၊ စံပြ(၆)မိုင်၊ ဒေါဘူးကူးကျေးရွာအုပ်စုများရှိ တောင်သူများသို့ နေကြာပုံမှန်သီးထပ် စိုက်ပျိုးရန် စိုက်ဧက (၂၅၀၀)၊ အစားထိုးစိုက်ပျိုးမည့် ဧက(၂၀၀၀)၊ စုစုပေါင်း စိုက်ဧက(၄၅၀၀)အတွက် နေကြာမျိုးစေ့ (၄၅၀၀)ထုပ်အား အခမဲ့ထောက်ပံ့ခြင်းနှင့် သက်သာသောနှုန်းဖြင့် ယူရီးယားဓါတ်မြေ ဩဇာ(၁၅၀)အိတ်အား ရောင်းချပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)