(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကယားပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်

လွိုင်ကော် နိုဝင်ဘာ ၁၆

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကယားပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်တွင် ပြည်နယ်ဂုဏ်မြှင့်တင်ပေးခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ဆက်လက်ထွန်းကား ပြန့်ပွားလာသည်နှင့်အမျှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ အမျိုးသားရေးလမ်းကြောင်းမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အနေဖြင့် ယခုပြိုင်ပွဲတွင် စုစုပေါင်း(၁၄၈)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် အနုပညာရှင်ဝါသနာရှင်အားလုံး စည်းလုံးညီညွတ်စွာ ခိုင်မာသည့်စိတ်ဓာတ်ပြင်းပြသည့် လုံ့လဝီရိယများနှင့်အတူ မိမိတို့ကျရာကဏ္ဍတွင် အောင်မြင်အောင်ပြည်နယ်၏ဂုဏ်ကို ဆောင်ပေးနိုင်သည့်အတွက် ယခုကဲ့သို့ ထိုက်ထိုက်တန်တန်ဆုများ ဆွတ်ခူးရယူပေးခဲ့၍ ဂုဏ်ပြုပါကြောင်း၊ ပြည်နယ်၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း မပျောက်ပျက်အောင်တန်ဖိုးထားထိန်းသိမ်းကြပါဟု တိုက်တွန်းပြောကြားလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆို၊ အက၊ အရေး ၊ အတီး ရွှေ ၊ ငွေ ၊ ကြေး တံဆိပ်ဆုရရှိသူများကို လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက အဲဒိုပေါ်မီ ကယားတိုင်းရင်းသား ရိုးရာတူရိယာအဖွဲ့နှင့် ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့များအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကဗျာလွတ်အကအဖွဲ့နှင့် နည်းပြများအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ပြိုင်ပွဲဝင်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်ကြသူများအား ဂုဏ်ပြုညစာများဖြင့် တည်ခင်းဧည့်ခံပြီး ဆုရပြိုင်ပွဲဝင်များနှင့် တေးသံရှင်များက ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ကယားပြည်နယ်အနေဖြင့် ယခင်နှစ်(၂၄)ကြိမ်မြောက် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟို)အဆင့်၌တိုင်းနှင့်ပြည်နယ် အဆင့်တွင် အဆင့်(၁၁)ရရှိခဲ့ရာမှ ယခု(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် (ဗဟို)အဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၉)ခု ၊ ငွေတံဆိပ်(၆)ခု ၊ ကြေးတံဆိပ် (၇)ခု နှင့် နှစ်သိမ့်ဆု(၆)ခု စုစုပေါင်း(၂၈)ဆုများရရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ်အဆင့်တွင် အဆင့်(၇)ရရှိခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)