ကျိုက်လတ် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက် ထားရှိသည့် စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် တာဝန်ချထားမှု အခြေအနေ၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ မြို့မဈေး၊ လှည်းဆိပ်ဈေး၊ အောက်ရွာလေး ဈေးတို့တွင် ရောင်းချသည့် ဈေးသည်များနှင့် ဈေးဝယ်သူများကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ၊ စစ်ဆေးရေးအဖွဲ့များ၏ အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း က မိဘပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းအပြင်၊ Face Shield များပါ တပ်နိုင်ပါက ပို၍ကာကွယ်နိုင်မည် ဖြစ်ကြောင်းနှင့် ကုန်ကားမောင်းသူများအား RDT Test ဖြင့် မစစ်ဆေးရသေးပါက စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ပိုးတွေ့ရှိမှုများနေသည့် လမ်းများကို အသွားအလာကန့်သတ်နိုင်ရေး စီစဉ်ထားမှုများအား ရှင်းလင်းပြောကြား သွားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)