ကျောင်းကုန်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် (၂၉) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာ ဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၃)ရပ်ကွက် တာဦး ကဉ္စာနာရာမကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်မပျက်ကျင်းပ လျက်ရှိရာ ယခု ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့် အညီ လူ(၃၀)ထက်မပိုပဲ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ရွာလယ် မဏိရတနာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကာ ကြွရောက်တော်မူကြသော သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြပြီး၊ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ် အကြိမ်(၃၀)မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာ ဘုံကထိန် ကျင်းပမည့်ကျောင်းတိုက်အား စာရေးတံမဲနှိုက်ရာ အမှတ်(၁)ရပ်ကွက် မဟာဝိသုဒ္ဓရုံ ကျောင်းတိုက် (ဥယျဉ်ကြီးကျောင်း) က မဲပေါက်သွားခဲ့သည်။
ကျောင်းကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ လမ်းအထူးအဖွဲ့၊ စက်သုံးဆီဆိုင်များ၊ပုဂ္ဂလိက ဘဏ်များ၊ အသေးစားငွေချေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်း၍ပစ္စည်းတန်ဖိုး(၁၂)သိန်းကျော်၊ ငွေသားတန်ဖိုး (၅၉) သိန်းကျော်၊ စုစုပေါင်းငွေကျပ် (၇၂)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် အခမ်းအနား ကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)