တနင်္သာရီ နိုဝင်ဘာ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရေး၊ ဒေသခံပြည်သူ များ ပြုမူပြောင်းလဲလာစေရေးအတွက် နှာခေါင်းစည်းမပျက်မကွက် စနစ်တကျ တပ်ဆင်ကြရန် လိုက်နာရမည့်ကာကွယ်ရေး နည်းလမ်းများကို ယနေ့နံနက်ပိုင်းက လူစည်ကား ရာဈေးများ၊ လူအသွားအလာများသော လမ်းဆုံနေရာများ၌ လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ပေး၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးကြသည်။
ထိုသို့ အသိပေးဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဆရာမများ၊ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတ ပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ကူး စက်ခြင်းဖြစ်ကြောင်း၊ မည်သူ့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ကို အလွယ်တကူ မသိနိုင်ကြောင်း လူတိုင်းက နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ (Mask) ကို စနစ်တကျ တပ်ကြရန်၊ လူအများအပြားနှင့် နီးကပ်စွာပြောဆိုလုပ်ကိုင်ကြရသူများ အထူးသဖြင့် ဈေးရောင်းသူများ နှာခေါင်းစည်းအပြင် မျက်နှာကာ (Face Shield) ကို တပ်ဆင်အသုံးပြုပါက ပိုမိုကာကွယ်နိုင်မည်ဖြစ်ပြီး၊ ဖြစ်နိုင်ပါက (၂) ရက်တစ်ခါ (၃) ရက်တစ်ခါမှသာ ဈေးဝယ် ထွက်ကြပါရန်နှင့် ရုတ်တရက်အနံ့အရသာ မရခြင်း/ပျောက်ဆုံးခြင်း လက္ခဏာ ဖြစ်လာပါက နီးစပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများအား အသိပေးအကြောင်းကြားကြရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ပေးကြပြီး ခရီးသွားလာသူများနှင့် ဈေးရောင်းဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)