ခရမ်းညိုပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေ

ပုသိမ်  နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တိုက်ကြီးကုန်းကျေးရွာ၌ ခရမ်းညိုပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

စိုက်ပျိုးထားသော ခရမ်းညိုပင်များမှာ ပုသိမ်မြို့ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်မှ ခရမ်းညိုစေ့ မျိုးထုတ်များ ဝယ်ယူစိုက်ပျိုးရခြင်းဖြစ်ပြီး စိုက်ပျိုးမှုနည်းစနစ်ကို စိုက်ပျိုးရေးဦးစီးဌာနရုံး၌ နည်းပညာများ ရယူပြီး စိုက်ပျိုးခြင်းဖြစ်သောကြောင့် သဘာဝမြေသြဇာဖြစ်သည့် ကြက်ချေး၊ ငုံးချေးတို့ကို အသုံးပြုပြီး စိုက်ပျိုးတာကြောင့် အပင်ကြီးထွားမှုမြန်ဆန်ပြီး အသီးများလည်း အောင်မြင် ဖြစ်ထွန်းကြောင်း၊ ကြက်ချေးနှင့် ငုံးချေးတို့ကို ဒိန်းဒေါင်းတစ်ခေါက်လျှင် တစ်သောင်းခွဲဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ခရမ်းညိုစိုက်ပျိုးသူ ဒေါ်ပုမ ကပြောသည်။

ခရမ်းများမစိုက်ပျိုးမီ ခရမ်းညိုမျိုးစေ့များကို မြေသြဇာထည့်ထားသော ပလပ်စတစ်အိတ်များတွင် ထည့်သွင်းစိုက်ပျိုးထားရသည်။ ခရမ်းညိုများ ပျိုးထောင်ထားချိန်၌ စိုက်ပျိုးမည့်မြေကို ထွန်ယက်ကာ မြောင်းဘောင်များ ပြုလုပ်ရသည်။ ပျိုးပင်များ ၁၅ ရက်သားရချိန်တွင် ပျိုးပင်များကိုစိုက်ဘောင်များ အတွင်း ၁ ပေခြားစီလိုက်လံ စိုက်ပျိုးရသည်။

စိုက်ပျိုးပြီးအပင်များ ပိုးကျခြင်းများ လိုက်စစ်ဆေးခြင်း မြေသြဇာကြွေးခြင်းများ ပြုလုပ်ရသည်။ ၁ လ အကြာတွင် အပွင့်များပွင့်လာကာ အသီးများလည်း စတင်သီးလာသည့်အချိန် အသီးအားဆေးဖြစ်သော တီစူပါမြေသြဇာကို ကျွေးပေးရကြောင်း သိရသည်။ ခရမ်းညိုသီးများကို ဖောက်သည်စျေးတစ်လုံးကို ၁၀၀ ကျပ်မှ ၁၅၀ ကျပ်အထိရောင်းချရကြောင်း လာရောက်ဝယ်ယူရောင်းချသူများမှာ ပုသိမ်မြို့ပေါ်ရှိ ကုလား ကုန်းစျေး၊ မြို့မစျေးကြီးနှင့် ဘူတာစျေး ၊ကမ်းနားစျေးတို့မှ လာရောက်ဝယ်ယူရောင်းချခြင်း များအပြင် အနီးဝန်းကျင်ရှိရပ်ကွက်များမှလဲ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

စိုက်ပျိုးခြံအကျယ်မှာ တစ်ဧကခွဲမျှကျယ်ဝန်းပြီး ခရမ်း၊ တိုင်ထောင်ပဲ၊ ရုံးပတီနှင့် ဟိုတယ်ကန်ဇွန်းပင်များလဲ စိုက်ပျိုးကာ မိသားစုဝင်ငွေကောင်း၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြင့်ဟန် ၊ပုသိမ်ခရိုင်ပြန်ဆက်