ပျော်ဘွယ် နိုဝင်ဘာ ၁၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ဆုရရှိသူများအား မကြာမီကျင်းပပြုလုပ်မည့် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲပြီးနောက် မြို့နယ်ရုံးတွင်ပြသထား နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)