ရမည်းသင်း နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများကို နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီခွဲက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိ ရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့မအခြေခံပညာအထက်တန်းကျောင်း ဆရာမ ဒေါ်သီသီမော်က ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ရမည်းသင်းမြို့၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အလယ်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးတို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ကြကာ ရမည်းသင်းခရိုင်ပြန်/ဆက်ရုံးဝန်းအတွင်း (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား နိုဝင်ဘာလ ၂၂ ရက်နေ့၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)