ညောင်ဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ၂၀၂၀ ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် Online Talk Show အသိပညာပေး ဆွေးနွေးမှုကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ ညောင်ဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မင်းဦးနှင့် ညောင်ဦးမြို့နယ် မြို့နယ်အမျိုးသမီးကော်မတီ ဒေါ်ရွှေပြည်စိုးတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုန့်ပြန်ဖို့ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့ Talk Show အစီအစဉ် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ Online မှ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ကာ Talk Show ပညာပေးအစီအစဉ်များ ကျင်းပပေးနေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ပြီးနောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး Talk Show အစီအစဉ်ပြုလုပ်ရာ ညောင်ဦးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မင်းဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ ရေဒီယို၊ FM နှင့် IPRD Page များက တဆင့် ၂၀၂၀ ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုန့်ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့ ပညာပေး Online Talk Show အစီစဉ်အား ပညာပေးဟောပြောဆွေးနွေးသည်။ ဆက်လက်ပြီး ညောင်ဦးမြို့နယ် မြို့နယ်အမျိုးသမီးကော်မတီမှ ဒေါ်ရွှေပြည်စိုးမှ အမျိုးသမီးကော်မတီ ဆောင်ရွက်မှု မှတ်တမ်း များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်များကို ပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးကျော်မင်းဦးထံက သိရသည်။
ကိုထိန်၊KPD