လွိုင်ကော် နိုဝင်ဘာ ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ကာ အကြမ်းဖက်သမားများ တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်များနှင့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေတောင်ပရိယတ္တိစာသင်တိုက်၊ သာသနရံသီကျောင်းဆောင် အခင်းကြွေပြားကပ်လုပ်ငန်းနှင့် အခန်းများပြန်လည်ပြင်ဆင်ကာရံနေမှု၊ သိမ်၊ ပိဋိကတ်တိုက် အမိုး၊ မျက်နှာကြက်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဓမ္မဒါယဗိမာန် ကျောင်းဆောင်ကြမ်းခင်း ကြွေပြားကပ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်နေမှုနှင့် ပရိယတ္တိသာသနာ့ဗိမာန် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ရွှေတောင်ပရိယတ္တိစာသင်တိုက် အတုလကျောင်းဆောင်မျက်နှာကြက်၊ ပြတင်းမှန်နှင့် လေကာမှန်များ ထပ်မံပြုပြင်ပေးရန်နှင့် ဆရာတော်၊ သံဃာတော်များ ပြန်လည်ဝင်ရောက်သီတင်းသုံးချိန်တွင် အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အခြေအနေနှင့် ရုံးအဆောက်အအုံများ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ဌာနခွဲ၊ ဌာနစိတ်များအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံညွှန်းစံချိန်းများနှင့်အညီ ပြီးစီးရေး၊ ယာဉ်ရပ်နားရန်သတ်မှတ်ထားသည့် နေရာများ စနစ်တကျဖြစ်စေရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ဝန်ထမ်းများ အလုပ်ခွင်မပျက် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)