ကျောက်ဆည်မြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ

ကျောက်ဆည်  နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၃) ထပ် စာသင်ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြိုင်ပွဲများကျင်းပရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးဂုဏ် ဇာတိဂုဏ်မမေ့ဖို့ အမျိုးသားနေ့ ကျင်းပစို့”၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့နှင့်မျိုးချစ်စိတ်ဓာတ်”၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “အမျိုးသားနေ့၏ အားမာန်”၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “စည်းလုံးချစ်ကြည် အမျိုးသားညီ”၊ အထက်တန်းအဆင့် “ပန်းချီပြိုင်ပွဲတွင် “အမျိုးသားနေ့မှ ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဆီသို့”၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “အမျိုးသားနေ့ တို့မမေ့” စသည့်ခေါင်းစဉ်များဖြင့်  ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူ(၄၉)ဦး၊ အထက်တန်း၊ အလယ်တန်းကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများ အလိုက် ထူးချွန်သူများကို အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)