နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ကျင်းပ

မလှိုင်  ဇန်နဝါရီ ၉

မလှိုင်မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာအောင်းသင်း၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ပါအကြောင်းအရာများကို  စာရေးဆရာများဖြစ်ကြသည့် ဦးတင်ဦး(ဦးတင်ဦး-ပညာရေး) ၊  ဦးအောင်သူဟန် (သွေးဦး - မလှိုင်) ၊ ဦးစိုးမြင့် (စိုးမြင့်ထွန်း-မလှိုင်) ၊ ဦးသန်း (တေဇာထွန်း)၊ ဦးမြတ်စိုး (မြတ်စိုး-မလှိုင်) ၊ စာပေဝါသနာရှင်များဖြစ်သော ဒေါက်တာ ချမ်းသာဦး၊ ကိုနိုင်းနိုင်း၊ ဦးသိန်းကြွယ်၊ ဦးဇော်ဇော် တို့က စာအုပ်ပါအကြောင်းအရာများကို ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြသည်။  ထို့နောက် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က ဆရာဇော်ဂျီကို လွမ်းသည်နှင့် စုန်ဆန် ဝဲလည်ခေါင်းစဉ် ပါအကြောင်းအရာများကို ဆွေးနွေးပြီး  တက်ရောက်ဆွေးနွေးပေးပါသော စာရေးဆရာနှင့် စာပေ ဝါသနာရှင် များကို  ကျေးဇူးတင် စကားပြောကြားခဲ့သည်။  ယင်းနောက် (Book Club) အဖွဲ့ဉက္ကဋ္ဌ ဆရာဦးဆန်နီ က  စာပေ ဝါသနာရှင်အသီးသီးတို့၏ တင်ပြဆွေးမှုအပေါ် ခြုံငုံသုံးသပ်ပေးခဲ့ပြီး လူငယ်များအနေဖြင့် ဆုတောင်းနေမည့်အစား မိမိတို့၏ဘဝရည်မှန်းချက်များကို အောင်မြင်အောင် မဖြစ်မနေဆောင်ရွက်ရသည့်  ဆုပန်သည့်အလုပ်ကို လုပ်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်/ဆက်ရုံးတွင် (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ တစ်လတစ်ကြိမ် လစဉ် ကျင်းပပေးလျက်ရှိပြီး စာပေဝါသနာရှင်မည်သူမဆို တက်ရောက်ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။   

  အောင်ဌေး(မလှိုင်)