သီပေါ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ်ပရိသတ်များ၊ ကျောင်းသား/သူကလေးများနှင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် ကျန်းမာရေးအသိပညာပေး အစီအစဉ်တင်ဆက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးအသိပညာပေး အစီအစဉ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်တွင်ပါရှိသော ဒေါက်တာမြင့်သန်းထွန်း ရေးသားထားသည့် "ကိုဗစ်−၁၉ ရောဂါတွင် အနံ့အာရုံခံစားမှု ဘာကြောင့်ပျောက်ကွယ်ရတာလဲ" ဆောင်းပါးတွင်ပါရှိသည့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုး က သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ပြန်လည်မျှဝေ တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့စာကြည့်တိုက်အား ခေတ္တယာယီပိတ်ထားသော်လည်း ပြည်သူများအတွက် သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် IPRD Hsipaw Facebook Page များမှ Online စနစ်ဖြင့် စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်စာစောင်များ မိတ်ဆက်ပေးခြင်း၊ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ဆောင်းပါးများဖတ်ပြပေးခြင်း၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်၊ ပန်းခေါက်နည်းများ၊ ဖဲပြားကလစ်ပြုလုပ်နည်းစသည့် လက်မှုပညာမျှဝေပေးခြင်း အစီအစဉ်နှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ကဏ္ဍအလိုက် အပတ်စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)