နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်


နောင်ချို   နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယနေ့မွန့်တည့် ၁၂ နာရီအချိန်က ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင်  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းက  ဦးဆောင်၍   "ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများ၊  ယာဉ်ထိန်းများ၊  အန္တရာယ်ကင်းရှင်းစွာနှင့်  အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ယာဉ်ကြောများပိတ်ဆို့မှုမဖြစ်စေရေး၊ Tesk  Kit စစ်ဆေးမှုကို ခြေမြစ်ပင်စစ်ဆေးရေးဂိတ်အစား ယာဉ်ရပ်နားစခန်းတွင် ပြောင်းရွှေ့စစ်ဆေးနိုင်ရေး၊ စစ်ဆေးရေးဂိတ်၌ CCTV တပ်ဆင်နိုင်ရေး "  စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲအပြီးတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သီတာဦးက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ ပေးပို့လှူဒါန်းလာသော အလှူငွေကျပ် (၅)သိန်းနှင့် ၎င်း၏မွေးနေ့အလှူအဖြစ် အလှူငွေ ကျပ် (၁) သိန်း စုစုပေါင်း အလှူငွေကျပ်(၆)သိန်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)