နမ္မတူမြို့လယ် မြစ်ကူးတံတားသစ်ပေါ်တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ပွားပူဇော်ကာ တံတားပေါ်မှယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြု


နမ္မတူ      နိုဝင်ဘာ    ၂၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ်မြစ်ကူးတံတားသစ်ပေါ်တွင် ယနေ့ နံနက် (၁၁)နာရီ အချိန်ခန့်က အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ကာ၊ တံတားပေါ်မှယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့် ပြုထားပြီဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့-၄မှ သိရှိရသည်။

ရှေးဦးစွာ နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းလွင်၊ တံတားအထူးအဖွဲ့-၄ မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဆရာတော်အရှင်သူမြတ်တို့အား ပူဇော်ကန်တော့ခဲ့ပြီး နမ္မတူ မြို့နယ် ဣစ္ဆာသယမြို့လယ်ကျောင်းတိုက်မှ ဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတ ုသုံးကြိမ်ရွတ်ဆိုပူဇော်ခဲ့သည်။ ယင်းနောက်နေ့လည် (၁၂)နာရီ အချိန်ခန့်ကစတင်ကာ နမ္မတူမြို့လယ် မြစ်ကူးတံတားသစ်ပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။


အဆိုပါ နမ္မတူမြို့လယ်မြစ်ကူးတံတားအမျိုးအစားမှာ အပေါ်ထည် Steel Plate Girder ၊ သံကူကွန်ကရစ် ယက္မ + သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ်တိုင်ကိုယ်ထည်၊ အုတ်မြစ် (၄) ပေ Spun Pipe, (၈) ပေ Well & (၁၂) ပေ Caisson၊ တံတားအရှည် (၂၈၀)ပေ၊ တံတားခန်းဖွဲ့ (၄၀)ပေ (၁)ခန်း + (၁၄၀)ပေ (၁)ခန်း + (၆၀)ပေ (၁)ခန်း + (၄၀)ပေ (၁)ခန်း၊ ရေလမ်းကင်းလွတ်အကျယ် (၁၂၈)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၃)ပေ၊  ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းအကျယ် (၃)ပေ (၂)ဖက်၊ တံတားအကျယ် (၃၀)ပေ၊ ခွင့်ပြုယာဉ်အလေးချိန် HL -93 Load Class ဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ (၁၁၈၇.၆၅)ကျပ်သန်းဖြင့် ၂၀၁၈-ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည့် တံတားဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့-၄ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရသန်းထံက ပြောသည်။


ယခုလို နမ္မတူမြို့နယ် မြို့လယ်မြစ်ကူးတံတားသစ်ကြီးပေါ်မှ  ယာဉ်များစတင်ဖြတ်သန်း သွားလာခွင့်ရပြီဖြစ်သဖြင့် ဒေသခံပြည်သူများ၏ လူမှု၊ စီးပွား၊ ဘဝ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။


လူမော် (ပြန်/ဆက်)