မူဆယ် နိုဝင်ဘာ ၂၅
မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နေ့လည်(၂) နာရီအချိန်ခန့်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီဒုတိယ ဉက္ကဋ္ဌ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက ရှမ်းပြည်နယ်(မြောပိုင်း)၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရောဂါကူးစက်ခံရသည့် ပိုးတွေ့လူနာများ၏ အခြေအနေများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ရောဂါစစ်ဆေးခြင်းနှင့် ရောဂါတွေ့ရှိမှု အခြေအနေများ၊ နေရပ်ပြန်ပြည်သူများ လက်ခံရေးနှင့် ပြန်လည်ပို့ဆောင်မှုအခြေအနေများ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို တိကျမှန်ကန်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းအန္တရာယ် ကင်းရှင်းရေးနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခု အထိ အောင်မြင်သည့် သာဓကရှိခဲ့ဖူးကြောင်း၊ လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ရောဂါကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အတွေ့အကြုံ ကောင်းများနှင့် အခြားသိကောင်းစရာ ကိုဗစ်-၁၉ ရောဂါအကြာင်းများကို ပြန်လည်ဆွေးနွေးပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီ အဖွဲ့ဝင်များက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့စုစုပေါင်း(၉၃) ဦးရှိပြီး ပိုးတွေ့လူနားများအနက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် (၅၀)ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)