တောင်တွင်းကြီး နိုဝင်ဘာ ၂၁
ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်ရည်ရွယ်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲကို ယမန်နေ့ နံနက် (၉:၃၀) နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြသည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ပြန်ကြားရေးနှင်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား အခမ်းအနားဖြင့် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)