ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် အောက်တိုဘာ ၂

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိဘများနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကလေးသူငယ်များသည် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်၍ လူတော်လူကောင်းများ ဖြစ်လာစေရန် အသိပညာတိုးပွားစေရေး၊ ယဉ်ကျေးလိမ္မာပြီး မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရေး၊ တစ်ပါးသူအပေါ်တွင် ကိုယ်ချင်းစာစိတ်ထားရှိတတ်စေရေး၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်သည့်စိတ်များ ဖြစ်ပေါ်လာစေရေး ပြုစုပျိုးထောင်ကြရမည်ဖြစ်ကြောင်း၊ ပြုစုပျိုးထောင်ပေးကြရာတွင် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး () ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်များကို ဖြည့်ဆည်းပေးမည်ဆိုပါက ကလေးငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးလာမည်ဖြစ်သည့်အပြင် ကျန်းမာပြီး ပညာသင်ယူခွင့်ရရှိသည့် ကလေးသူငယ်များသည် ဆင်းရဲနွမ်းပါးမှုကို ကျော်ဖြတ်နိုင်ကာ ပြည့်စုံသည့်ဘဝသို့ လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ဤသို့ အခွင့်အရေးတွေရရှိစေရန် နိုင်ငံတော်အစိုးရသာမက မိဘအုပ်ထိန်းသူများ၊ မိသားစုဝင်များနှင့် ရပ်ရွာလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မူလတန်းကြိုကျောင်းမှ လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေသည့် ရင်သွေးငယ်လေးများအဖွဲ့၊ ပြည်နယ်တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ အဆိုးလေးသီချင်းဖြင့် ကပြဖျော်ဖြေသည့် ရင်သွေးငယ်လေးများအဖွဲ့၊ လုံနယ်ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က အမှတ်(၅၄)ခြေလျင်တပ်ရင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ချစ်မွှေးတုန်သီချင်းဖြင့် ကပြဖျော်ဖြေသည့် ရင်သွေးငယ်လေးများအဖွဲ့နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက လွိုင်ကော်မူလတန်းကြိုကျောင်းမှ တောင်ယာဝင်ချိန်သီချင်းဖြင့် ကပြဖျော်ဖြေသည့် ရင်သွေးငယ်လေးများအဖွဲ့အသီးသီးတို့ကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိဘများနှင့် ရင်သွေးငယ်လေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)