ဖျာပုံမြို့ပေါ်ရှိဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး (Mask Campaign) ကိုအရှိန် အဟုန်မြှင့်ဆောင်ရွက်

ဖျာပုံ နိုဝင်ဘာ ၂၆ 

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ဆရာဇော်ဂျီစာကြည့်တိုက်မှဦးဆောင်၍ မြို့ပေါ်စျေးများနှင့်လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လူထုလှုပ်ရှားမှုအဖြစ် (MaskCampaign)လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်တွင်ဖျာပုံမြို့ညောင်တုန်းစျေးနှင့်မြို့မစျေးတို့တွင်ဆောင်ရွက်ကြသည်။

အဆိုပါ(MaskCampaign)ဆောင်ရွက်ရာတွင်ဖျာပုံမြို့ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၊ စာကြည့်တိုက်မှူးဦးမြင့်အောင်၊ တွဲဖက်စာကြည့်တိုက်မှူး ဒေါ်သူဇာနွယ်နှင့်စာကြည့်တိုက်တာဝန်ရှိသူများ၊ Volunteerများမှ ဦးဆောင်၍ဖျာပုံမြို့နယ်ပြည်သူ့ ဆေးရုံကြီးမှဆေးရုံ အုပ်ကြီးဒေါက်တာဇင်မာစိုး၊ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကမြို့ပေါ်စျေးများ ဖြစ်သောညောင်တုန်းစျေး၊ မြို့မစျေးတို့တွင်စျေးရောင်း၊ စျေးဝယ်ပြည်သူများ အနေဖြင့် Maskများ တပ်ဆင်သွားလာစေရေး လူထုလှုပ်ရှားမှုအနေဖြင့်(Mask Campaign) ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့်စျေးများ၊ လူအများစုဝေးရာနေရာများတွင် (Mask Campaign) ကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိပြီး ဈေးများအတွင်း ဈေးရောင်း၊ စျေးဝယ်ပြုလုပ်နေသူများအား နှာခေါင်းစည်း (Mask) မဖြစ်မနေ၊ စနစ်တကျတပ်ဆင်ရေးတို့အတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း (Mask) များကို အခမဲ့ပေးဝေခြင်း၊ လက်ကိုင် စပီကာများဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လှည့်လည် အသိပေး ပြောကြားခြင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)