ပုံပါကျင် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပြောင်းသီးနှံအများအပြားစိုက်ပျိုးရာ ယခုလ အတွင်း ပြောင်းဈေးကောင်းလာသဖြင့် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ပြောင်းဖူး စပေါ်ခါစက ပြောင်းဈေးက သိပ်ပြီး မထူးခြားဘူး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတာ လည်းပါတော့ အရောင်းအဝယ် သိပ်မဖြစ်ဘူး၊ တစ်ပိဿာကို ၁၅၀ကျပ် လောက်ပဲရှိတယ်၊ ဝယ်တာကလည်း ထိုင်းနိုင်ငံဘက်ပဲ ရှိတော့ ဈေးမရဘူးပေါ့ ၊ဒါပေမယ့် အခုလထဲမှာ ထိုင်းဘက်ကရော၊ တရုတ်ဘက်ကရော အဝယ်များလာတော့ ရောင်းတဲ့နေရာမှာ ပိုပြီး အဆင်ပြေလာတယ်၊ဈေးလည်း ပိုကောင်းလာပါတယ် ၊တစ်ပိဿာကို ၃၅၀ ကျပ်အထိဈေးတက်လာတော့ အဆင်ပြေ တယ်ပြောရမှာပေါ့၊ ဈေးက ထပ်တက်လာဦးမယ်ထင်တာပါပဲ ၊မိုးပြောင်းမချိုးရသေးတဲ့သူတွေ အများကြီးရှိနေ ပါသေးတယ်”ဟု ပြောင်းစိုက်တောင်သူ ဦးစိုင်းဝင်းမြတ်ဦးက ပြောသည်။
ပုံပါကျင်မြို့သည် စိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြပြီး စပါး၊ပြောင်း၊နှမ်း၊ကြက်သွန်ဖြူကို အဓိကစိုက်ပျိုး သီးနှံများအနေဖြင့်စိုက်ပျိုးကြသည်။ပုံပါကျင်မြို့တွင် ယခုနှစ် မိုးရာသီတွင် ပြောင်းစိုက်ဧက ၁၁၀၈ ဧကရှိပြီး တစ်ဧက အထွက်နှုန်း ၅၀.၆၅တင်းထွက်ရှိကြောင်း ပုံပါကျင်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
စန္ဒီ(ပြန်/ဆက်)