နေပြည်တော် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး၊ ဒုတိယတိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ ၊ မျိုးစေ့တာဝန်ခံများ ၊ သီးနှံကာကွယ်ရေးတာဝန်ခံများ ၊ မြေအသုံးချရေးတာဝန်ခံများနှင့်အတူ ပုဗ္ဗသီရ ိမြို့နယ် စက်စက်ယိုစိုက်ကွင်းအတွင်း မျိုးစေ့ထုတ်လုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့် ဇေယျာသီရိမြို့နယ်အတွင်း(CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ် စိုက်ကွင်းများအား လှည့်လည်ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် စက်စက်ယိုစိုက်ကွင်းသို့သွားရောက်၍ မျိုးစေ့ထုတ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မျိုးစေ့ထုတ်ကုမ္ပဏီများအနေဖြင့် မျိုးစေ့အဆင့် အလိုက် သတ်မှတ်ချက်များနှင့်အညီ အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး အတွက် ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မျိုးစေ့အရည်အသွေး စစ်ဆေးရေး အဖွဲ့ ဖွဲစည်းပေးထားပြီးဖြစ်၍ မျိုးစေ့ထုတ် လုပ်သူများအား ဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အတိအကျလိုက်နာကြစေရန် ကြီးကြပ်ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း မှာကြားပြီး ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေး ပေးခဲ့ကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ ထုတ် စိုက်ကွင်းသို့ရောက်ရှိရာ ဝန်ထမ်းများ၊ တောင်သူများနှင့်တွေ့ဆုံပြီး မျိုးစေ့ထုတ်တောင်သူများ အနေဖြင့် မိမိတို့ထုတ်လုပ်သော မျိုးများကို စံနှုန်းမီသည့်မျိုးစေ့အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိအောင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထွက်ရှိလာမည့် စပါးမျိုးများအား အခြားတောင်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းပေးစေလို ကြောင်း၊ တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး အကျိုးအမြတ်ရရှိမည့် ဆောင်းသီးနှံများကို စိုက်ပျိုးကြရန်နှင့် ဌာနမှလည်း မျိုးကောင်းမျိုးသန့်များရရှိရေးကို ချိတ်ဆက် ဆောင်ရွက်ပေးသွားဖို့ လိုကြောင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများရှိနိုင်၍ ဆောင်းသီးနှံများစိုက်ပျိုးရာတွင် စိမ့်မြောင်း၊ ပတ်မြောင်းများနှင့် ထည့်သွင်း ဆောင်ရွက်ထားရှိဖို့လိုကြောင်း၊ ရာသီဥတုဖောက်ပြန်၍ ပိုးမွှားရောဂါ ကျရောက်မှုများ လျော့နည်းစေရေးအတွက် သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း ၊စိုက်စနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ ဆောင်ရွက်စေလိုကြောင်း ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ကိုလည်း GAP စနစ်ဖြင့်ဆောင်ရွက်စေလိုကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တောင်သူပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ၊ Farmer To Farmer Exchange Programme ဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပြီး တောင်သူများနှင့် ဝန်ထမ်း များ၏တင်ပြချင်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)