တုံတာမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ သွားလာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး


တုံတာ        နိုဝင်ဘာ    ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့အတွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ခရီးသွားမော်တော်ယာဉ်များ ကျန်းမာရေးထောက် ခံချက်ပါ/မပါနှင့် နှာခေါင်းစည်းများတပ်ဆင်သွားလာမှုရှိ/မရှိကို နိုဝင်ဘာလ ၂၄ရက်နေ့မှ စတင်၍ မြို့အဝင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ကြပ်မတ်စစ်ဆေးလျက်ရှိသည်။


ထိုသို့စစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့စည်ပင်သာယာရေးကော် မတီရုံးခွဲ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင် ရာများက ပူးပေါင်း၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ကျန်းမာရေးထောက်ခံချက်များပါ/ မပါ၊ နှာခေါင်းစည်းများတပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


တုံတာမြို့အတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များတွင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်လာသော ယာဉ်များပါရှိပါက ခရီးသွားရာဇဝင်များ၊ ရပ်နားတည်းခိုခဲ့သည့်နေရာများ၊ နေရပ် လိပ်စာနှင့် ဖုန်းနံပါတ်များအသေးစိတ်ကောက်ယူလျက်ရှိကြောင်းနှင့် တုံတာမြို့အတွင်း အခြားသောနေရာများမှ တရားမဝင် ဝင်ရောက်လာသူများမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)