မိုင်းပန် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးတွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချမှုရှိစေရန်အတွက် မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်များ ဖြင့် မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း၌ ဈေးရောင်းချနေကြသည့် ဈေးသူဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် မီးငြှိမ်းသတ်နည်းများဖြစ်သည့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်း တို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘိုဘိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းသရုပ်ပြသခဲ့ပြီး ဈေးသူဈေးသားများကို လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့အား အသုံးပြု၍ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၄) ဦးတို့မှ မြို့မဈေးအား သရုပ်ဖော်ပြသ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့မဈေး၏ မီးဘေးလုံခြုံရေးအတွက် ဝယ်ယူထားရှိသည့် မီးသတ်စက် (အပေါ့စား) အား ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နိုင်မှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ကြောင်း နှင့် ထိုသို့ဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးခိုင်ထွန်းနှင့် ကော်မတီဝင်များ၊ ဈေးသူဈေးသား များမှ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဆန်းမြင့်(မိုင်းပန်)