လင်းခေး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍအသီးသီးအလိုက်မှ ပုဂ္ဂိုလ်များအား မှတ်တမ်းတင် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အခမ်းအနားပြုလုပ်ရခြင်းနှင့် မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းခမ်းလှိုင်နှင့် အတွင်းရေးမှူး ဦးချိုနိုင်တို့မှ အဆိုပါလုပ်ငန်းတွင်ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအား ကျေးဇူးတင်စကား အသီးသီးဆက်လက် ပြောကြားခဲ့ကြသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်တာဝန်ရှိသူတို့က သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ထံ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အများပြည်သူယုံကြည်လေးစားရသောပုဂ္ဂိုလ်များနှင့်လုပ်ငန်း၌စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများ စုစုပေါင်း (၂ဝ)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)