မိုင်းတုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင်ပြုလုပ်ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥကဋ္ဌ ဦးနေအောင်က မိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ လူထုအသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ နှာခေါင်စည်းများ စနစ်တကျတပ်ဆင်နိုင်ရေး ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရန် ကြပ်မတ်ဆောင်ရွက်ရေး၊ ကိုဗစ်ရောဂါဖြစ်ပွားရာဒေသများမှ နေရပ်ပြန်ပြည်သူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေး အကြောင်းကြားပူးပေါင်းဆောင်ရွက်ပေးရေး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍ မြို့ဝင်/ မြို့ထွက်ဂိတ်များတွင် ယခင်ကထက် ပိုမိုကြပ်မတ် ဆောင်ရွက်ပေးနိုင်ရေးနှင့် တစ်ပတ်လျှင်နှစ်ကြိမ် Masks များ အခမဲ့ဖြန့်ဝေးပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)