ပုသိမ်ကြီး ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan)ကို ယနေ့ နံနက် ၉ နာရီခွဲက အ.ထ.က (အုန်းချော) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက သဘာဝဘေးအန္တရာယ်အသိပညာပေးအကြောင်း အဖွင့်အမှာစကား ပြောကြားပြီး အုန်းချောအခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်စန်းပုက ယခုလို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးအစီအစဉ်များ လာရောက်ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိ လူကြီးများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာရေး အစီအစဉ်တွင်ပါဝင်မည့် ကျောင်းသား/ကျောင်းသူများမှ သတ်မှတ်နေရာများတွင် အသင့်နေရာယူပြီး မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းနှင့် တပ်ဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများနှင့်အတူ အစီအစဉ်အတိုင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီး ဒေါ်စန်းပုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇာနည်ကိုကို