ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးအတွက် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်းမရှိသူများအား ချက်ချင်းဝယ် ချက်ချင်းတပ် အစီအစဉ်ဆောင်ရွက်


ရပ်စောက်     နိုဝင်ဘာ    ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးနှင့် အ.ထ.က ကျောင်းရှေ့တွင် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းနှင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ က ပူးပေါင်း၍ ဈေးရောင်းချသူများ၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါသူများအား နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိပါက ဒဏ်ကြေး(၂၀၀)ကျပ်ပေးဆောင်စေပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ချက်ချင်းဝယ် ချက်ချင်းတပ် အစီအစဉ်ကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)