ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်းလေးကျေးရွာတွင် စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလိုင်း သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကန်ကြီးထောင့် နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်းလေးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာအတွင်း လျှပ်စစ်မီးလိုင်း သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရေတွင်းကုန်းလေး ကျေးရွာအတွင်း လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် (၁၄၉)သိန်းကျော်နှင့် ပြည်သူထည့်ဝင်ငွေကျပ် (၄၆)သိန်းကျော်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်‌ကြောင်း၊ ယခုအခါ မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည့်အတွက် မကြာမီ ကာလအတွင်း ကျေးရွာနေပြည်သူများ လျှပ်စစ်မီး သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာ တော့မှာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်မှ ပြောသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင် နှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကျေးရွာမီးလင်းရေး ကော်မတီများနှင့် တွေ့ဆုံ၍ လိုအပ်သည် များကို မှာကြားခဲ့ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ယူနစ်(၆၄ယူနစ်၊ ကျေးရွာပေါင်း (၈၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နန်းထိုက်(ပြန်/ဆက်)