ထားဝယ် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်မားလာသည့်အတွက် အများပြည်သူများ အနေဖြင့် Stay Home နေစဉ် ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံး၊ အနာဂတ် အလင်းရောင်ဘဝတူကူညီ ပံ့ပိုးရေး အဖွဲ့တို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက HIV ရောဂါသည် ယခင်က ကမ္ဘာ့ပေါ်တွင် ကပ်ရောဂါအသွင်ဖြင့် လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်ခံရပြီး ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ လူမှုရေးစီးပွားရေး ထိခိုက်နစ်နာမှုများကို လူသန်းပေါင်းများစွာ ကြုံတွေ့ခဲ့ရကြောင်းနှင့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပရခြင်း ရည်ရွယ်ချက် အားရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခုခံအား ကျဆင်းမှု ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ (ထားဝယ်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ကိုဗစ်-၁၉ ကာလအတွင်း ကုသရေး နှင့်ပတ်သက်ပြီး အေအာတီဆေး စဉ်ဆက်မပြတ်ရရှိစေရေး အစီအမံများအကြောင်းနှင့် လက်ရှိ ကုသဆောင်ရွက်ပေးနေသည့် အခြေအနေများအကြောင်း အားရှင်းလင်းဆွေးနွေး ပြောကြားပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့ မေတ္တာရိပ်ဆေးခန်း (ထားဝယ်) မှ Health Promoter Supervisor ဦးမင်းလတ် က ဆေးကုသမှုခံယူသူများအတွက် ဝန်ဆောင်မှုအစီအမံများ ပံပိုးပေးသည့် အစီအစဉ်များအကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးကာ ပြည်ကြီးခင် လူမှုရေးအဖွဲ့ (ထားဝယ်) မှ Field Facilitator ဦးအောင်မျိုး က ဆောင်ရွက်ပေးနေသော HIV ဆိုင်ရာ လုပ်ငန်းအစီအစဉ်များအကြောင်းနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
၄င်းနောက် Myanmar Positive Group Sub Office မှ ညှိနှိုင်းရေးမှူး ဦးအောင်ပြည့်ဇင်က မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်း ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအကြောင်းအား အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ခရိုင် ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက ဆွေးနွေးပြောကြား ပေးပါသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်းနှင့် ဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဆက်လက်ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)