ထန်တလန်မြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာပေးပြုလုပ်

ထန်တလန်  နိုဝင်ဘာ  ၂၆

ချင်း​ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်​မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများအား ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌တွေ့ဆုံ၍  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ရောင်းချရာတွင်  ကျန်းမာ​​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် စားသောက်ဆိုင်များတွင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အချက်များကို မြို့နယ် ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာထွန်းပွားနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဇင်မြတ်မြင့်ထွဋ် တို့က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့တွင် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် သတ်မှတ်စည်းကမ်း ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်း မရှိသူများကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)