တောင်ကြီးမြို့၌ ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွား

တောင်ကြီး     နိုဝင်ဘာ     ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် မြစံပယ်တည်းခိုခန်းရှေ့တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က ယာဉ်(၅)စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း စဝ်စံထွန်းဆေးရုံဘက်မှ တောင်ကြီးမြို့ မြို့မဈေးဘက်သို့ မောင်းနှင်လာသော SHN/……… Micro bus ဝါညိုနု/ခဲရောင် (လိုင်စင်စိစစ်ဆဲ) ယာဉ်သည် ဂုဏ်ထူးလမ်းသွယ်ဘက်သို့ ချိုးကွေ့စဉ် တောင်ကြီးမြို့မဈေးဘက်မှ စဝ်စံထွန်း ဆေးရုံဘက်သို့ မောင်းနှင်လာသော SHN/……. အမျိုးအစား အဖြူရောင် ယာဉ် (လိုင်စင်စိစစ်ဆဲ)၏ ရှေ့ဝဲဘက်ခြမ်းအား ဝင်ရောက် တိုက်မိခဲ့ပြီး ဆက်လက်၍ ဗိုလ်ချုပ်လမ်း၏ ယာဘက်ဘေးတွင် ရပ်တန့်ထားကြသော YGN/…… အဖြူရောင်  Mark II SHN/…….. အဖြူရောင် TOYOTA HIACE နှင့် Super ANBO-125 ဖြူနက်ကြား ဆိုင်ကယ်တို့အား ဆင့်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူများအား စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောမရှင်းဘဲ လမ်း၏ ဝဲဘက်သို့ အရှိန်ဖြင့် ချိုးကွေ့မောင်းနှင်ခဲ့သည့် ယာဉ်မောင်းအား ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)