ကျိုင်းတုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တာချီလိတ်မြို့မှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၃၇ ဦးအား နိုဝင်ဘာ ၂၅ ရက်က သက်ဆိုင်ရာနေရာ အသီးသီးတွင် Home Quarantine ပြုလုပ်ထားကြောင်းသိရသည်။
တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီး တစ်ဦးတွင် နိုဝင်ဘာလ ၂၅ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ ၎င်းအမျိုးသမီးသည် နိုဝင်ဘာ လ ၂၀ ရက် က ကျိုင်းတုံမြို့သို့ သူငယ်ချင်း လေးဦးနှင့်အတူ လာရောက်ခဲ့ပြီး အမှတ်(၃)ရပ်ကွက်၊ အာမခံရုံးအနီး သူငယ်ချင်းဖြစ်သူ၏ နေအိမ်တွင် လည်ကောင်း၊ ကျိုင်းတုံမြို့နယ် ၊ လွယ်မွေအုပ်စု၊ ရှဲန်တာဝမ်း တည်းခိုရိပ်သာတွင် လည်းကောင်း အသီးသီးတည်းခိုခဲ့ကာ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရှိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း အဆိုပါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင်၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ခဲ့ရာ စုစုပေါင်း ထိတွေ့ခဲ့သူ ၃၇ ဦး ရှိကြောင်းနှင့် ၎င်းတို့အား နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ သက်ဆိုင်ရာ နေရာအသီးသီး၌ Home Quarantine ပြုလုပ်ထားရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)