မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းကုမ္ပဏီမှ လူနာယာဉ် တစ်စီးလှူဒါန်း

မူဆယ်      ဇန်နဝါရီ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းကုမ္ပဏီမှ သိန်းပေါင်း(၇၀၀)ကျော်ရှိ လူနာယာဉ်တစ်စီးနှင့် ပစ္စည်းကိရိယာ အစုံလှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ကျင်းပသည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် ဒုတိယအကြိမ်မြောက် လူနာယာဉ်လှူဒါန်းခြင်းဖြစ်ပြီး လူနာများ၏ အသက်ကယ်လုပ်ငန်းများနှင့် ပြည်သူလူထုများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦဥက္ကာက အမှာစကားပြောကြားပြီး အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းကုမ္ပဏီမှ မစ္စတာကော့ပ်က လူနာယာဉ် လှူဒါန်းခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ဒေါက်တာမျိုးဇော်မှ လူနာယာဉ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး လှူဒါန်းထားသည့် လူနာယာဉ်နှင့် ပတ်သက်သော အချက်အလက်များကို မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် လှူဒါန်းမှုအတွက် မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးအပ် ခဲ့ကြကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)