နောင်ချို၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကော်မတီနှင့် ပွဲရုံလုပ်ငန်းရှင်များ၊ စျေးပတ်ယာဉ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး


နောင်ချို   နိုဝင်ဘာ ၂၆


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  ကျောက်မဲခရိုင် ၊  နောင်ချိုမြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပွဲရုံလုပ်ငန်းရှင် များ၊ စျေးပတ်ယာဉ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥကဋ္ဌ ဦးသွင်ကိုကိုမင်း က ယခုဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါအား အဓိကအလေးထား၍ နှစ်ဦး နှစ်ဖက်အဆင်ပြေစေသော နည်းလမ်းများကိုသာ စဉ်းစားဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုက  ကျန်းမာရေးဌာနအနေဖြင့် မိမိတို့ဒေသမှ အခြားဒေသများသို့ သွားမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးလိုက်ရမည်ဖြစ်ကြောင်း၊ အခြားဒေသမှ ဝင်ရောက်လာသူများကိုလည်း ရောဂါပိုးကင်းရှင်းကြောင်း စစ်ဆေးပေးပြီးမှသာ ဝင် ရောက်စေကြောင်း၊ ရောဂါပိုး နေ့စဉ်လိုလိုတွေ့နေသောကြောင့် နောင်ချိုမြို့နယ်အတွင်း ပိုးကင်းစင်ရေး အဓိက ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ပွဲရုံလုပ်ငန်းရှင်များ၊ စျေးပတ် ယာဉ်လုပ်ငန်းရှင်များမှ ပြန်လည်ဆွေးနွေးမှုများကို ကိုဗစ်-၁၉ ရောဂါ ကော်မတီမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
    
    
ထွေးငယ်(နောင်ချို-ပြန်ဆက်)