ကလိန်အောင် နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာအတွင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ်မှ ထွက်ခွာလာကြသည့် ခရီးသည်(၂၀)ဦးအား မလွှဲတောင်စစ်ဆေးရေး ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ ရှောင်ကွင်းလမ်းမှ သွားရောက်ခေါ်ဆောင်သူ ယာဉ်မောင်း (၂) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် ယမန်နေ့က အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကလိန်အောင်မြို့ ရာဖူးကျေးရွာသို့ ယာဉ်မောင်း သူရဦး (ဘ) ဦးတင့်လှ၊ အသက်(၃၀)နှစ်၊ ရေပုံးရပ်ကွက်၊ မြိတ်မြို့နေသူမှ TNI 6N/------ အဖြူရောင်အန်စာတုံးယာဉ်၊ ယာဉ်မောင်း ဇော်မင်းသန်း (ဘ) ဦးဝင်းစိန်၊ အသက် (၄၅)နှစ်၊ ကံကြီးသာကေတရပ်၊ မြိတ်မြို့နေသူမှ TNI1K/------- အဖြူရောင်အန်စာတုံး ယာဉ်(၂)စီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့မှ ခရီးသည် (၂၀) ဦးတို့အား သွားရောက်ခေါ်ဆောင်ခဲ့ပြီး ရာဖူးကျေးရွာမှတဆင့် ဘုတ်ပြင်းမြို့သို့ ဆက်လက်ထွက်ခွာ မည်ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် ယာဉ်မောင်း(၂)ဦးနှင့် ခရီးသည်(၂၀) ဦးတို့အား ကလိန်အောင်မြို့ ဆံတော်ရှင် Quarantine စခန်း၌ ထားရှိပြီး ၎င်း ယာဉ်မောင်း (၂)ဦးတို့အား ရေဖြူမြို့နယ် ကိုဗစ် − ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အတွင်းအရေးမှူး ဦးမြသိန်းထွန်းက ကလိန်အောင် နယ်မြေရဲစခန်းသို့ တိုင်တန်းလာခဲ့ရာ ကလိန်အောင်နယ်မြေ ရဲစခန်းမှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)