ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဟောပြောအသိပညာပေး

မန္တလေး ဇန်နဝါရီ ၉

မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့မှ ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ယနေ့နံနက် (၉) နာရီက အမှတ် (၂၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းကာ လက်တွေ့ မီးငြှိမ်းသတ်နည်းများ၊ အုပ်စုလိုက်ဖွဲ့ကာ ပုံပြောခြင်းများ၊ ပညာပေး ဟောပြောခြင်းများ၊ သဘာ၀ဘေးအန္တရာယ်ကြုံပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ယူဆောင်ရမည့် ပစ္စည်းများကို အုပ်စုလိုက် ဂိမ်းကစားခြင်းများဖြင့် ကျောင်းသား၊ ကျောင်းသူများ သိလွယ်၊ မှတ်လွယ်အောင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်းတွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်းအပြင် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း တစ်ချိန်တည်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ထွန်းထွန်းနိုင် (ပြန်/ဆက်)