မိုင်းဆတ် နိုဝင်ဘာ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးသော ကလေးများမွေးဖွားနိုင်ရန် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေများပေးလျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေး အပြည့်အဝရရှိရန်လို ကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လို ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ စနစ်တကျစာရင်းပြုစုရန်လိုကြောင်း၊ ကလေးသူငယ်များ လမ်းမှား မရောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်းရှင်းလင်း ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကလေးသူငယ်အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူတို့က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)