အနုပညာပြပွဲ Art Expo Bagan 2020 သို့ လာရောက်လေ့လာကြသူများ၏ ရင်တွင်းဖြစ်စကားသံများ

ညောင်ဦး   ဇန်နဝါရီ    ၉

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အနုပညာပြပွဲ Art Expo Bagan 2020 တွင် ရှေးခေတ်ပုဂံပြည်၏ ခမ်းနားထည်ဝါခဲ့သည့် အနုပညာလက်ရာများနှင့်အတူ ပြည်တွင်း၊ ပြည်ပပန်းချီပညာရှင်များ၏ ပြောင်မြောက်အသက်ဝင်လှသည့် ပန်းချီကားပေါင်း ၆၀၀ ကျော်ကို ဇန်နဝါရီလ ၇ ရက်မှ ၁၁ ရက်နေ့အထိ ခင်းကျင်းပြသ လျက်ရှိသည်။ အဆိုပါ အနုပညာပြပွဲသို့ မိမိတို့ကိုယ်တိုင်ဖန်တီးထားသော ပန်းချီကားများ လာရောက်ပြသကြသည့် ပန်းချီပညာရှင်များနှင့် ပြပွဲသို့လာရောက်ကြည့်ရှုလေ့လာကြသည့် ပန်းချီချစ် ဧည့်ပရိတ်သတ်အချို့နှင့် တွေ့ဆုံမေးမြန်းမှုကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

▲ Mrs Catherine (France) ▲

လွန်ခဲ့တဲ့နှစ် ၂၀ က ပုဂံကို ပထမအကြိမ်အဖြစ် ရောက်ခဲ့ဖူးတယ်၊ ရန်ကုန်မှာ ၁၁ နှစ်နေခဲ့ဖူးတော့ မြန်မာပြည်ကို ကျွန်မမိခင်တိုင်းပြည်လိုပဲ သိပ်သဘောကျပါတယ်၊ ကျွန်မအဘိုးက ပန်းချီဆရာ တစ်ယောက်လေ၊ ဘဝတစ်လျှောက်လုံးက ပန်းချီအနုပညာလောကမှာပဲ ကြီးပြင်းခဲ့ရတော့ ပန်းချီပညာဟာ ကျွန်မအတွက် အရမ်းအရေးကြီးတဲ့အရာတွေပါပဲ၊ ကျွန်မအိမ်မှာဆိုလည်း ပန်းချီကားချပ်တွေအများကြီးပဲ၊ ပန်းချီပညာနဲ့ ပန်းချီကားတွေမရှိဘဲ ကျွန်မ မနေနိုင်ဘူးလေ၊ ရန်ကုန်မှာနေတုန်းက ကိုမောင်သက်တို့လို သိပ်တော်တဲ့ မြန်မာပန်းချီပညာရှင် အများကြီးနဲ့ဆုံတွေ့ ခင်မင်ခွင့်ရခဲ့တယ်၊ ပန်းချီကားတွေလဲအများကြီးဝယ်တယ်၊ ကျွန်မရတဲ့ လစာတွေအားလုံးကလည်း ပန်းချီကားတွေအတွက်ပဲ ကုန်ခဲ့ရတယ်လေ၊ ကျွန်မဘဝ တစ်လျှောက်လုံး ဝယ်ယူစုဆောင်းခဲ့သမျှ ပန်းချီကားတွေကို လာအိုနိုင်ငံက ကျွန်မရဲ့ မွေးစားသားကို လက်ဆင့်ကမ်းပေးဖို့ ရည်ရွယ်ထားပါတယ်၊ အခုကျွန်မအမျိုးသား (အီတလီနိုင်ငံသား)နဲ့လည်း မြန်မာပြည်ကိုအလည်လာရင်းနဲ့ ဖူးစာဆုံခဲ့တာဖြစ်တဲ့အတွက် မြန်မာပြည်ဟာ ကျွန်မအတွက်တော့ ဘယ်တော့မှမမေ့နိုင်တဲ့ တိုင်းပြည်တစ်ခုပါပဲ၊

▲ ရေဆေးပန်းချီဆရာ ကိုအောင်မိုး(ချင်းပြည်နယ်) ▲

ဒီပွဲကို  ပန်းချီဆရာဦးချစ်ဆွေ(ညောင်ဦး) ကနေပြီးတော့မှ ဖိတ်ခေါ်တဲ့အတွက် ရေဆေးပန်းချီလာ ရောက်ပြသခြင်းဖြစ်ပါတယ်၊ အနုပညာပြပွဲဦးဆောင်ကျင်းပသူများအနေဖြင့် မြန်မာ့ ပန်းချီလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒီပွဲမျိုးကို မကြာမကြာလုပ်ပေးစေချင်တာပေါ့လေ၊ နယ်စွန်နယ်ဖျားကနေ ဒီအထိလာရောက်ပါဝင်တာက ကိုယ့်ပန်းချီပညာကို အနုပညာပြပွဲမှာ နိုင်ငံအနှံ့က ပန်းချီပညာရှင်တွေနဲ့အတူပြသခွင့်နဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရမယ်ဆိုတဲ့  မျှော်လင့်ချက်နဲ့ပါ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း ခုလိုအနုပညာပြပွဲမျိုး ကျင်းပနိုင်ဖို့နဲ့ ပါဝင်ပြခွင့်ရဖို့ မျှော်လင့်ပါတယ်။

▲ ပန်းချီဆရာမောင်ဦး (စစ်ကိုင်းမြို့) ▲

မြန်မာပြည်အနှံ့အပြားက ပန်းချီဆရာတွေရဲ့လက်ရာတွေကို တစ်စုတစ်စည်းတည်းမြင်ရတယ်ဆိုတာ ဒီပွဲမှာပဲရနိုင်တာပါ၊ ဒါကြောင့်လာကြည့်တာပါ၊ အပြိုင်အဆိုင်နဲ့ လက်ရာမြောက်တဲ့ ပန်းချီကား တွေကို ကြည့်ရှုလေ့လာခွင့်ရပါတယ်၊ မူးယစ်ဆေးဝါးတွေပေါနေတဲ့ ကာလထဲမှာမှ လူငယ်ထုကို ပန်းချီအနုပညာနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လှုံ့ဆော်ပေးတဲ့ ပွဲလို့မြင်တယ်၊ ဒါမျိုးပွဲတွေ များများ လုပ်ပေးသင့်တယ်၊ အနုပညာကို အစိုးရအနေနဲ့ရောအားပေး သင့်တယ်၊ ကျောင်းတွေမှာရော သင်ပြပေးသင့်တယ်၊ ဒီလိုအနုပညာပြပွဲမျိုးကို လာရောက်ကြည့်ရှုလေ့လာဖို့ မိဘများအနေနဲ့လည်း မိမိတို့ ကလေးတွေကို တိုက်တွန်းအားပေးသင့်ပါတယ်။

▲ Mrs Hi Yan Wong (Australia) ▲

ဒါပထမဆုံးမြန်မာပြည်ကို ရောက်ဖူးတာပါ၊ ရန်ကုန်ကနေ ပုဂံကိုရောက်တော့ လုံးဝထင်မှတ်မထားတဲ့နေရာတစ်ခုကို ရောက်သွားရသလိုပါပဲ၊ ဗုဒ္ဓသာသနိက အဆောက်အဦးတွေနဲ့ ရှေးဟောင်း လက်ရာတွေက ထင်ထားတာထက်ပိုနေလို့ပါ၊ ခုပုဂံရှေးဟောင်းပြတိုက်ထဲကို ဝင်လေ့လာရင်း အနုပညာပြပွဲကို ရုတ်တရက်ကြည့်ရှုလေ့လာခွင့်ရတာ အရမ်းအံ့ဩမိသလိုအရမ်းလည်း ဝမ်းသာမိပါတယ်၊ ပန်းချီကားတစ်ချပ်စီတိုင်းက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်၊ အပြင်မှာလက်တွေ့ကိုယ်တိုင်ကိုယ်ကျလေ့လာခဲ့ရသလို ပန်းချီကားတွေထက်က ပုဂံပြည်ရဲ့အနုပညာ လက်ရာတွေကိုပါ ရှုစားခွင့်ရတဲ့အတွက် ပွဲစီစဉ်တဲ့သူတွေကို ကျေးဇူးတင်မိပါတယ်။

▲ ဦးတင်ဋ္ဌေး (မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး EC) ▲

မနှစ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ပုဂံမှာမကျင်းပဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို အနောက်တိုင်း ပန်းချီရောက်လာတာ နှစ်(၁၀၀)ပြည့်နဲ့ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသ UNESCO ဝင်တဲ့ အထိမ်းအမှတ်အနုပညာပြပွဲကို ဒီနှစ်မှာကျင်းပဖြစ်တာပါ။ မြန်မာပြည်အနှံ့က ပန်းချီဆရာတွေရဲ့ မြန်မာမှု၊ အနောက်တိုင်းပန်းချီပေါင်းစုံကို တစ်နေရာတည်းမှာအရောင်အသွေးစုံလင်စွာ ကြည့်ရှုခံစားနိုင်တဲ့ အနုပညာပြပွဲဖြစ်တဲ့အတွက် လာရောက်လေ့လာကြစေလိုပါတယ်။

ဖေလိန်း(ပုဂံ)