ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ရောင်းချမှုပြုနိုင်ရန် ကွင်းဆင်းဆောင်ရွက်

ငါန်းဇွန် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင် များအား ဆိုင်ထိုင်စနစ် ရောင်းချခြင်းမပြုရန် ယာယီပိတ်ထားခဲ့ရာ ယင်းဆိုင်များအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ် ပြန်လည်ရောင်းချနိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ နှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ထွန်း၊ ဦးဇေနောင်လှိုင် (လ/ထကျန်းမာရေးမှူး) နှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် မြို့ပေါ် ရပ်ကွက် အသီးသီးရှိ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ လှည်လည်ပြီး အဆိုပါဆိုင်များမှ ဆိုင်ပိုင်ရှင်များအား တွေ့ဆုံ၍ ပါဆယ်စနစ်ရောင်းချနေရာမှ ဆိုင်ထိုင်စနစ်ရောင်းချနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားပြီး ဒုတိယအကြိမ် ပြန်လည်ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှသာ ဆိုင်ထိုင်စနစ် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)