ကျောက်ပန်းတောင်းမြို့တွင် ကုန်တင်ယာဉ်မောင်း (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး အနံ့မရရှိသူ (၁) ဦးအား Swab နမူနာယူစစ်ဆေးလျက်ရှိ

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေး ဂိတ်မှ ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်လိုက်များကို RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ၊ ယနေ့က ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် ဆင်ခေါင်းကျေးရွာမှ အမျိုးသမီး(၁)ဦးမှာ အနံ့မရ၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသဖြင့် Swab နမူနာယူ စစ်ဆေးထားရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်လိုက် များကို ကောင်းမွန်တိုးဂိတ် အနီးရှိ ယာယီစစ်ဆေးရေးဂိတ်မှ RDT Test Kit ဖြင့် စစ်ဆေး လျက်ရှိရာ၊ သာစည်မြို့နယ်မှ ထွက်ခွာလာသည့် ယာဉ်တစ်စီးမှ ယာဉ်မောင်း(၁)ဦး၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပားကျေးရွနေသူတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စု၊ ဆင်ခေါင်းကျေးရွာနေသူ အမျိုးသမီး (၁)ဦးမှာ ခရီးသွားရာဇဝင်မရှိပဲ၊ အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ  ၎င်းအနံ့ပျောက်လူနာ၏ အာခေါင်တို့ဖတ် Swab  နမူနာ ရယူ၍  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အနံ့ပျောက်လူနာမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် ကုန်တင်ယာဉ်မောင်းကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ပြီး၊ ၎င်းနှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ G.T.I Quarantine Center သို့ ပို့ဆောင်ထားရှိ သွားမည် ဖြစ်ကြောင်းနှင့် အနံ့ပျောက်လူနာ၏ မိသားစုဝင် (၅)ဦးကို နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)