ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြက်နှင့် ဝက်မွေးမြူရေးခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာနှင့် နန်းကွေ့ကျေးရွာအုပ်စုအတွင်း ကြက်နှင့် ဝက်မွေးမြူရေးခြံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေး၊ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ ပိုင်ရှင်ဦးသိန်းဟန်၏ကြက်ခြံသို့ သွားရောက်ပြီး ကြက်ခြံများအတွင်း ကြက်ကောင်ရေ (၉၀၀၀) နီးပါးမွေးမြူဖြစ်ထွန်းနေမှု ကြည့်ရှုစစ်ဆေးခဲ့ကြကာ စီးပွားဖြစ်ရောင်းချရာတွင် ခြံတွင်းရောင်းဈေး တစ်ပိဿာ ၂၄၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်မှု၊ ကြက်စာနှင့် ကြက်သားပေါက်များမှာယူရရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ တိုးချဲ့မွေးမြူနိုင်ရေးအတွက် ရန်ပုံငွေလိုအပ်ချက်အပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးနိုင်ရေး၊ နည်းစနစ်ကျဖြင့် ဆုံးရှုံးမှုအနည်းဆုံး၊ အမြတ်အစွန်းများများရရှိအောင် သိပ္ပံနည်းကျမွေးမြူရေးနည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခြံဖျန်းပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့မှတစ်ဆင့် နန်းကွေ့ကျေးရွာအုပ်စု၊ အားဆာကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်း (၅၀၀)ဖြင့် ပိုင်ရှင်ဦးဂျယ်ရီကျားအပါအဝင် အစုအဖွဲ့ဖြင့် ကျေးရွာအတွင်း ကောင်းသောမြေ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမလီမိတက်ပိုင် ဝက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ဝက်သားပေါက်ကောင်ရေ (၄၅)ကောင်နှင့် အသားတိုးဝက်ကြီးမျိုးကောင်ရေ (၁၇)ကောင် မွေးမြူဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခြံဖျန်းပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ကာ ၎င်း၏ မိသားစုပိုင်ခြံဝင်းအတွင်း စီးပွားဖြစ်ကျူးဆိုင်နှင့် ဟင်းသီးဟင်းရွက် မျိုးစုံ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)