ကယားပြည်နယ်ဝန်ကြီးချုပ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး  စီမံဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ထပ်မံဖွင့်လှစ်မည့် သင်တန်းကျောင်းများကိုလည်း စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအား ဇန်နဝါရီ (ပထမပတ်)တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းဝန်းအတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက သင်တန်းသား၊ သင်တန်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့် စားရိပ်သာနှင့် စားဖိုဆောင်ပြုပြင်ခြင်း၊ သင်တန်းသားအိပ်ဆောင်များ ဥပဓိရုပ် ကောင်းမွန်ရေး၊ ရေ၊ မီး၊ မိလ္လာ စနစ် ကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က စားရိပ်သာပြုပြင်ခြင်းအား စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ပေးရန်နှင့် သင်တန်းသားအိပ်ဆောင်များ ရေ၊ မီး ရရှိရေး သန့်စင်ခန်းများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ကျောင်းပြန်လည် ဖွင့်လှစ်ပါက ပြည်နယ်ပြင်ပတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ အားလုံး ပြန်လည်တက်ရောက်နိုင်ရေး  စနစ်တကျ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခုတင်(၅၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိသည့် ဓာတ်မှန်ခန်း၊ ဓာတ်ခွဲစစ်ဆေးခန်း၊ ပြင်ပလူနာ ဌာန၊ အောက်ဆီဂျင်စက်ရုံ၊ CT Scan စစ်ဆေးခန်းများနှင့် ဆေးသိုလှောင်ရုံများ၊ ဆေးရုံအဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြုပြင်နေမှုများကို  ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းစွာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကိုဇင်(ပြန်/ဆက်)